(၂၄.၁.၂၀၂၅) ရက်နေ့၊ ကြာသပတေးနေ့၊ နေ့လယ်(၂း၀၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ “ဘဝအေးချမ်းမှုခိုနားရာအရိပ်များ” အသိပညာပေးဟောပြောပွဲ အခမ်းအနားဆောင်ရွက်ရာ ဒုတိယ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အမှာစကားပြောကြား ရာတွင် အေးချမ်းသာယာသော လူမှုအသိုင်းအဝိုင်းဖြစ်ဖို့ဆိုတာ ထိုလူမှုအသိုင်းအဝိုင်းတွင် လူသားများအားလုံးက အပြု သဘောဆောင်သောစိတ်ဓာတ်၊ ကောင်းသောအပြုအမူဖြင့် ပြုမူတွေးတောကြံဆပြီး အဘက်ဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အေးချမ်းသာယာသော လူ့အဖွဲ့အစည်းတွင် လူသားများအားလုံးသည် ကောင်းသော အပြုအမူများကိုသာ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ချမှတ်ထားသော စည်းကမ်းချက်များကိုလိုက်နာ၍ ပူးပေါင်း ဆောင်ရွက်ကြသဖြင့် လူမှုဘဝအေးချမ်းသာယာပြီး စည်ပင်တိုးတက်ပျော်ရွှင်ဖွယ်ကောင်းသော လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ်ကြောင်း၊ ထိုသို့အေးချမ်းသာယာသော လူမှုဘဝရရှိဖို့ဆိုတာ လူသားများအားလုံးသည် အသိပညာများ မြင့်မားဖို့ အတွက် စာများများဖတ်ရန် လိုအပ်ကြောင်း၊ အသိပညာမြင့်မားမှသာ အေးချမ်းသာယာသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အတတ်ပညာများ ကျွမ်းကျင်တတ်မြောက်နေရုံနှင့် မလုံလောက်ဘဲ အတတ်ပညာ ထက် အသိပညာများပါ တိုးတက်မှသာ လူ့ဘောင်အဖွဲ့အစည်း ပို၍အေးချမ်းသာယာမည်ဖြစ်ကြောင်း၊ ဒါ့ကြောင့် “ဘဝအေးချမ်းမှုခိုနားရာအရိပ်များ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။
ယင်းနောက် အငြိမ်းစားပါမောက္ခဆရာမကြီး၊ ဒေါက်တာတင်တင်သောင်းက “ဘဝအေးချမ်းမှုခိုနားရာအရိပ်များ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ဆက်လက်ဟောပြောခဲ့ပြီး၊ အခမ်းအနားတွင် ဆရာမကြီးက ကျောင်းသား၊ ကျောင်းသူများကို ဗဟုသုတမေးခွန်းများမေးမြန်းကာ ဆုများချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်က ဆရာမကြီးအား လက်ဆောင်ပစ္စည်းများပေးအပ်ကာ အခမ်းအနားကို ညနေ(၄း၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။





