(၈.၅.၂၀၂၆)ရက်၊ သောကြာနေ့၊ နံနက်(၉း၃၀)အချိန်တွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ဘွဲ့နှင်း သဘင်ခန်းမ၌ သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်နှင့် ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ စုစုပေါင်း(၈၃)ဦး တက်ရောက်ကြပါသည်။
အဆိုပါအခမ်းအနား၌ ဒုတိယပါမောက္ခချုပ်၊ဒေါက်တာထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားရာ၌ တက္ကသိုလ်၏ရည်မှန်းချက်ဖြစ်သော သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားစေရေးနှင့် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်းကောင်း၊ ကျောင်းသားလူငယ်များ စိတ်ဓါတ်၊ စည်းကမ်း ကျန်းမာကြံ့ခိုင်စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက်လည်းကောင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် လျော်ညီသော သင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူပစ္စည်းများ၊ နည်းပညာများအသုံးပြု၍ လေ့ကျင့်သင်ကြားပေး နိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံ့အကျိုးပြု၊ ဒေသအကျိုးပြု၊ e-Government နှင့် MSME အထောက်အကူပြု Project များ ပေါ်ထွန်းလာစေရေးအတွက်လည်းကောင်း၊ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာ လှပရေးနှင့် စိမ်းလန်းစိုပြေရေးအတွက်လည်းကောင်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ ပါသည်။
ယင်းနောက် ပါမောက္ခ/ ဌာနမှူး ဒေါက်တာခင်ကြူကြူနှင့် ပါမောက္ခ/ ဌာနမှူး ဒေါက်တာအိအိမွန်တို့က သင်ကြားမှုအရည်အသွေးမြင့်မားလာစေရေးအတွက် ဆရာ၊ ဆရာမများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့ပြင် စီမံရေးရာဌာနမှူး၊ ဦးသက်အောင်က ဝန်ထမ်းရေးရာကိစ္စရပ် များနှင့် နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်အပါး(၃၀)နှင့်တကွ နိုင်ငံ့ဝန်ထမ်းများ နိုင်ငံအပေါ်စောင့်သိရမည့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန်(၆)ချက်တို့ကို သိရှိလိုက်နာကျင့်သုံးရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်က ဂုဏ်ပြုချီးမြှင့်သင့်သောဝန်ထမ်းများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ စာကြည့်တိုက်အတွက် စာအုပ်များ လှူဒါန်းခဲ့ပါသည်။
အခမ်းအနားကို နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။








