ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို (၁၆.၁.၂၀၂၅) ရက်၊ ကြာသပတေးနေ့၊ နံနက်(၉း၃၀)အချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ၊ အခမ်းအနားကို တက္ကသိုလ်အနုပညာအသင်း စီနီယာ ကျောင်းသား၊ ကျောင်းသူများက မြကျွန်းညိုညိုတက္ကသိုလ်သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်က မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားကို လည်းကောင်း၊ စတုတ္ထနှစ် (ကွန်ပျူတာသိပ္ပံ) သင်တန်းမှ စီနီယာကျောင်းသား မောင်အောင်ဇော်မိုးက ကြိုဆို နှုတ်ခွန်းဆက်စကားကိုလည်းကောင်း၊ ပထမနှစ်ကျောင်းသူ မပြည့်ဝန်းသော်က ကျေးဇူးတင်စကားကို လည်းကောင်း၊ အသီးသီးပြောကြားခဲ့ပါသည်။ ယင်းနောက် သင်တန်းနှစ်အသီးသီးသို့ အမှတ်အများဆုံးဖြင့် တက်ရောက်ခွင့်ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာသင်တန်းမှူးများက ပညာရည်ချွန် ဆုအသီးသီးကို ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ရိုးရာ စဉ်လာမပျက် မြန်မာ့ယဉ်ကျေးမှုနှင့်လျော်ညီသော အဆို၊ အက တို့ဖြင့် ဆက်လက်ဖျော်ဖြေခဲ့ပါသည်။
ညနေပိုင်းတွင် အင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့် အခမ်းအနား၌ Innovative Project များ ပါဝင်ပြသခဲ့သော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အင်ဂျင်နီယာပညာရေးနှစ်(၁၀၀) ပြည့်အခမ်းအနား ကျင်းပရေးကော်မတီ၊ ဥက္ကဌက ပေးအပ်ချီးမြှင့်ခဲ့သော ဂုဏ်ပြုမှတ်တမ်းလွှာများကို ဒုတိယ ပါမောက္ခချုပ်က ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကဗဒေသာများဖြင့် ဆက်လက်ဖျော်ဖြေခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများက ရွေးချယ်ထားသော ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ King မောင်နေမျိုးလှိုင်၊ Queen မစီမာသန်းအား ဒုတိယပါမောက္ခချုပ်က စလွယ်နှင့် Crown အား ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ Prince မောင်နိုင်မင်းထက်၊ Princes မထက်ဝေနှင်းအား ပါမောက္ခ၊ ဒေါက်တာသဲသဲစိုးက စလွယ်နှင့် Crown အား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါ သည်။ အဆိုပါအခမ်းအနားကို ညနေ(၄း၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။